International News

သီးနှံသိုလှောင်ရေးစီမံချက်ပူးပေါင်းကော်မတီတစ်ရပ်(Inter-Ministerial Committee, IMC) အား အိန္ဒိယအစိုးရဖွဲ့စည်း

Last Updated:

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအဖွဲ့က သမဝါယမကဏ္ဍ၌ ထူထောင်သွားမည့် ကမ္ဘာ့အကြီးဆုံးသီးနှံသိုလှောင်ရေးစီမံချက်ကို အထောက်အကူပြုနိုင်ရန်အတွက် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းကော်မတီတစ်ရပ်(Inter-Ministerial Committee, IMC)ကို ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း သိရသည်။ ယင်းသို့ကော်မတီဖွဲ့စည်းရသောရည်ရွယ်ချက်မှာ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားဖူလုံရေး၊ စားသုံးသူ ရေးရာ၊ အစားအစာနှင့်လူထုဖြန့်ချိရေး၊ အစားအသောက်ပြုပြင်ထုတ်လုပ်သောလုပ်ငန်းများဆိုင်ရာ ဝန်ကြီးဌာနများမှ အစီအစဉ်အားလုံးကို တစ်ပေါင်းတစ်စည်းတည်း ဆောင်ရွက်သွားနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါစီမံချက်ကို လက်တွေ့ကျနပြီး၊ ရှေ့နောက်ညီညွှတ်သော အကောင်အထည်ဖေါ်ဆောင်မှုဖြစ်စေရန်အတွက် သမဝါယမဝန်ကြီးဌာနက နိုင်ငံ၏ပြည်နယ်အသီးသီးရှိ ခရိုင်စုစုပေါင်း အနည်းဆုံး(၁၀)ခု၌ ရှေ့ပြေးစီမံကိန်းများ စတင်ဆောင်ရွက်သွားမည်ဟု အစိုးရကထုတ်ပြန်ထားသည်။

ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Amit Shah ဦးဆောင်သော ပူးပေါင်းကော်မတီက အခြေခံစိုက်ပျိုးစရိတ်ထုတ်ချေးသောအဖွဲ့အစည်း (PACS) များ၌ သီးနှံသိုလှောင်ရုံများကဲ့သို့ အခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက် လိုအပ်သောလမ်းညွှန်မှုများပေးရန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းအထည်ဖေါ်ရေး လိုအပ်သောရန်ပုံငွေကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ရှိအကောင်အထည်ဖေါ်လျက်ရှိသော အစီအစဉ်များမှ ခွဲဝေကျခံရမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့ထွက်ရှိလာသော စိုက်ပျိုးသီးနှံများကို သိုလှောင်ထိန်းသိမ်းနိုင်စွမ်းနည်းပါးခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်စေကာ သီးနှံများကို မတန်တစ်ဆဈေးနှုန်းများဖြင့် ရောင်းချရခြင်းမျိုးကိုဖြစ်စေကြောင်း၊ ယခုကဲ့သို့ အစိုးရ၏ဆုံးဖြတ်ချက်ကြောင့် တောင်သူများအနေဖြင့် ၎င်းတို့ဒေသ၏အပိုင်းလိုက်ရှိ PACS များမှတစ်ဆင့် ခေတ်မှီသိုလှောင်ရုံများကို ရရှိသုံးစွဲလာနိုင်မှာဖြစ်သောကြောင့် သီးနှံများရောင်းချရာတွင် သင့်တင့်မျှတသောဈေးနှုန်းများကို ရရှိနိုင်မည်ဟု Mr. Shah က ၎င်း၏ တွစ်တာစာမျက်နှာ၌ ဖော်ပြထားသည်။ ယခုအစီအစဉ်ကြောင့် နိုင်ငံတော်အနေဖြင့် အစားအစာဖူလုံမှုကိုရရှိစေကာ သမဝါယမနှင့်ဆက်စပ်လျက်ရှိသည့် ထောင်ပေါင်းများစွာသော တောင်သူလယ်သမားများအတွက်လည်း အကျိုးအကျေးဇူးရရှိနိုင်မှာဖြစ်ကြောင်း၊ PACS များအနေဖြင့် ခေတ်မှီသိုလှောင်ရုံများကိုသာမက ဈေးနှုန်းသင့်တင့်သော အရောင်းဆိုင်များ(Fair Price Shop )နှင့် စိုက်ပျိုးကိရိယာများငှားရမ်းရေးဗဟိုဌာနများ(Custom Hiring Centres) ကဲ့သို့သော အခြားလုပ်ဆောင်ချက်များစွာကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ဇစ်မြစ်။ Trade Promotion Council of India

(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News